ဘကြီးအောင်ညာတယ်

“ အရှေ့ကျောင်းသားသူတောင်းစား၊ လည်ပေါ်ကျောင်းသားအကောင်းစား။ ကျောက်မီးသွေးမို့မဲသကို၊ တို့ကျောင်းသားမို့မဲသကို၊ ဟေ့လားမောင်ရို့ဝါး……” ဟုအားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများဖြစ်ကြသည်။ ၄င်းတို့ကျောဘက် တင်းချလယ် တစ်ခွက်လောက် အကွာတွင် ချည်လုံချည်ကို ပြာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်းလာနေသော မောင်ချစ်သည် ဧဝံမေသုတံ ဧကံသမယံ-ဟု တတွတ်တွတ်ရွတ် လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက် အကြာတွင် အရှေ့သို့လှမ်းကြည့်လိုက်ရာ၊ ပန်းပုဆရာကြီးဦးအောင်ချာ၏ ကနားဖျင်းထဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကိုတွေ့ရလေ၏။ မိမိသည်လည်း အကြောင်းကိုသိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ရုပ်လုံးပေါ်ရုံမျှပင်ရှိသေး သော်လည်း အရုပ်ကလေးမှာနွဲ့နှောင်း ဖြူဖွေး ချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစ၊ ဖိုးလှတို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေပြင်ပေါ်တွင်ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင်မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။

“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်လေးကို ဘယ်သူပေးဘို့ထုနေသာလဲဟင်” ဟု မျက်စေ့ကလေး ပေကလပ်လုပ်၍မေးလ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင်ဆေးလိပ်ကို စမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား။ ငွေတစ်ကျပ်ယူခဲ့ယင် ဘကြီးပေးမယ်သိလား” ဟု အမှတ်တမဲ့ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ယင်း ခေါင်းကုတ်လျက် “ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ၊ ဘကြီးအောင်ရဲ့” ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်းဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ဆယ်ပြား၊ ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားထဲ့၊ ပေါင်းခြောက်ဆယ်နဲ့လေးပြား။ အဲတစ်လောက်ကို တစ်ကျပ်ခေါ်တယ်ကြားလား” ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့်ရှင်းလင်းပြောပြလေ၏။ “၆၄ပြားပေးယင် ကျွန်တော်ဒီအရုပ်ကလေးကိုတကယ်ပဲရမလား၊ နောက်တော့မညာနဲ့နော်….. ဘကြီးအောင်” ဟု ပြောယင်း သျှောင်ဆံမြိတ်ကလေးကို ချာချာလည်အောင်ပတ်စ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ သည်။

မောင်ချစ်သည် နေ့လယ်ချိန်ကျောင်းတွင်မုန့် ဝယ်စားဖို့ရန်မိခင်ပေးလိုက်သော တပြား တပြားသောအပြာကို မသုံးရက်မစွဲရက်ဘဲ အင်္ကျီသင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သောမိမိဝမ်းခေါင်းသမုဒ္ဒရာ အတွက်မူကား နေ့ဆွမ်းစားကုလားတက်ခေါက်တွင် ဘုန်းတော်ကြီးဦးခေမာ ဝေသောငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တခြားသားနားကြော့ရှင်း၍လာ၏။ အသွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန်ဟန်ပြင်နေသော အသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်၏ မျက်လုံးတွင်းမှ မထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ လိုခြင်စိ်တ်ပွားလေဖြစ်ရကား၊ တစ်နေ့မှတစ်ပြားတစ်ပြားစုရသည်ကို အလွန်ဖင့်လေးကြန့်ကြာ သည်သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုဒ်နေများကိုပင် စာသင်ရက် ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်းက ဘယ်နည်းနှင့်ပိုက်ဆံရအောင် ကြိုးစားရမည်နည်းဟု ကြံစည်ပြန်၏။

ထိုစဉ်ကားကမ္ဘာစစ်ကြီး အတွင်းဖြစ်၍ကျောက်တံ အလွန်ရှား၏။ မောင်ချစ်သည် အကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစဉ်မှယူ၍ ညဥ့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သောဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးပဲထားသော အကြွးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆန်တော့ပြီ ဖြစ်၍ နှစ်ဖက်ပိတ် ကြသောင်းဝါး တစ်ဆစ်တွင် ထိပ်က အပေါက်ဖောက်ကာ ဝေလာခေါင်း ဂျော့ခေါင်း နတ်ဖိုးချွန်းစသော တံဆိပ်အမျိုးမျိုးခတ်နှိပ်ထားသည့် ကြေးပြား ၁၂ ပြားတိတ်ိကို သွင်းလှောင်သိုမီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့တွင် ဒွေးလေးညို ချစ်စနိုး၍ ပေးသောသူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲတွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှ ထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးသို်ကအတွင်းသို့သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကျောတွင် စူးဖြင့် ခြစ်၍ မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့ကတစ်ပြား။ ဘကြီးထူးကျွဲပျောက်တဲ့နေက တစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကို ချိုးကာချိုးကာ ပိုက်ဆံစားရင်းတွက်ရစစ်ရ သည်မှာနေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာထားရလျှင် ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်တွင် ဝှက်ထားရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကြိတ်ပြောင်းရသည်မှာလည်း အမေားပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဘို့ရန် ထန်းရွက်ဖါချောကလေးကို အမျိုးမျိူးပြုပြင်ဆင်ယင်မွန်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

ဈေ သည်ဒေါ်ခါးဥ၏တောင်းနီထဲ၌ အငွေ့တထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကို မြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်းဝယ်မှ ရသောသွားရည်စာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘာဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင်ရှိရင်းစွဲ စည်ပတ်သံခွေ အဟောင်းကြီးများကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ် တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျက် စုဆောင်းလာခဲ့ရာ ၃၄ ပြား ပိုင်မိသောနေ့သို့ ရောက်လာလေသတည်း။

ညနေ လေးနာရီကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှလုံးသားကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘနေ္တ” ကို မစောင့်နိုင်ဘဲ ထ၍ ပြေးလေရာ၊ အစောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလား ဟူ၍ ထိပ်ကိုဂေါင်ဂေါင် မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင်ခလုပ်တိုက်၍ ခြေမကွဲသွားသော်လည်း နာရမှန်းမသိ။ ဦးအောင်ချာ့ ကနဖျင်းနား ရောက်သောအခါ အတင်းတိုးဝင်သွားလေ၏။ ဖေါ့ဦးထုပ်ကိုဆောင်း ဘောင်းဘီအပြာကိုဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ယင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန် ညာပြန် ပယ်ပယ် နယ်နယ် ကို်င်တွယ်ကြည့်ရှုနေသော လူကြီး တစ်ယောက်ကို မြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။

“ဘယ့်နှယ့်လဲဆရာကြီးရဲ့၊ ကျူပ်ပြောတဲ့ အဖိုးနဲ့ပေးလိုက်မယ်မဟုတ်လား၊ ခင်ဗျားတို့အရပ်မှ ဒီအရုပ်ကလေးနဲ့တန်တဲ့ အိမ်တစ်အိမ်မှ မရှိပါဘူး၊ ဝယ်နိုင်မဲ့လူလဲရှိမှာမဟုတ်ပါဘူး”

“မှန်ပါ။ ဝန်ထောက်မင်းဘို့ဆိုယင်တော့ အလကားတောင်းလဲ ပေးရမှာပါပဲ၊ နို့ပေတဲ့ အချောသပ် အမွှမ်းတင်ဘို့လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်၊ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကိုလာပြီးပို့ပေးပါမယ်”

ထိုမျှကိုကြားရလျှင်ပင်မောင်ချစ်၏ အသဲနှလုံး အူသိမ်အူမတို့သသည် ကြွေမတတ်ဖြစ်ရလေ၏။ အရုပ်ကလေးကို အတင်းလု၍ပြေးလိုသောစိတ်ပေါ်လာသော်လည်း ဝန်ထောင်မင်းဟုကြားရရုံမျှနှင့်ပင် ရင်တုန်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ဝံ့ရဲ ပါအံ့နည်း။ ခါးကြားကခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏ အကြံကို သိသည်အလား မောင်ချစ်ဆီသို့စိမ်းစိမ်းလှည့်၍ ခြောက်လှန်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နို်င်း၍ မိမိဘက်သို့ကျောခိုင်းနေသော ဆင်စွယ်ဒေဝီကလေးအား နောက်ဆုံးကြည့် ကြည့်လျက်ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခု အတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို၊ တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမဲ့အလကား၊ တို့အမေက မပေးစား” ဟု ထွက်ပေါ်လာသောတေးသံသည် တေးဆိုသူအား နှလုံးပွါးဘွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးကိုကား ဓါးပါးနှင့် မြွင်းလိုက်လေ တော့သတည်း။

၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီ တင်ထားသော မိန်းမကြီး တစ်စုနှင့် ယောကျ်ားကြီး တစ်ယောက်တို့ ချစ်မောင်တို့၏ခြောက်သွေ့သောခြံကလေးအတွင်းသို့ ဝင်သွားသည်ကိုမြင်ရပါသည်။ အိမ်ရှေ့ခွေးတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖါးလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေစုံကို ပြေးဖက်လျှက် “အမလေး ကိုယ်ရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတွေ မြင်ဝံ့သေးရဲ့လား…..ရှင့် ။ မောင့်ချစ်ရေ၊ အမေ့သားကြီးရဲ့၊ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီ… ဟီ….” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက် ထိုင်နေသော မောင်ချစ်၏ ဖခင်အား “ဘယ့်နဲ့ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လဲ မြို့တက်သွားတာ ၁၄ -၅ ရက် ကြာသွားလို့ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ခြင်းပဲ အိမ်မှာ ထိုင်တောင်မထိုင်ခဲ့ ပဲ ပြေးလာခဲ့တာပဲကွဲ့” ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနှင့် ထမင်းမစားဟင်းမစား။ တစ်ခါတလေ သူ့ အမေကြွေးလို့ ဆန်ပြုတ်ကလေးတစ်ဇွန်းလောက် ဝင်သွားပေမဲ့ ချက်ချင်းအန် ပစ်လိုက်တာပဲ။ ပယောဂ ဆိုလို့ ဆရာသြ ခေါ်ပြပါလဲ ဘာမှ မထူးခြားပါဘူး။ ကလေးကို ညှဉ်ဆဲသလိုသာ ဖြစ်နေတာပဲ ။ မေးလို့လဲ မပြောဘူး။ မနေ့ ညကတော့ သူ့အမေကို ခေါ်ပြီးသူစုထားတဲ့ ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်အား လှူလိုက်ပါလို့ မှာပြီးတော့ ကိုရင်အောင့်ကို မေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှ မပြောပဲ မျောနေပြီး ‘ဘကြီးအောင် ညာတယ်’လို့မပီတပီပြောယင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစာကျက်အနီး ထိမ်ပင်ကြီး တောင်ယွန်းရှိ သင်ချိုင်းကုန်း ထက်တွင် ထီးတည်းသော အုတ်ဂူလေးတစ်ခုက်ို တွေ့နိုင်ပါသည်။ အချစ်ဂူဟူ ၍လည်းကောင်း မောင်ချစ်ဂူဟူ ၍လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ၊ မည်သည်ကို အမှန်ဟူ၍မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နာလိုဏ်ပေါက်ကလေးထဲတွင် ကျွဲကျောင်းသားနွားကျောင်းသားတို့၏ လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝ အင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသောဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ ၃-နှစ်လောက်က ပျံတော်မှုသွားသော တောထွက်ကြီး ဦးဣန္ဒ ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်း။

(တက္ကသိုလ်ကျောင်းသား မဂ္ဂဇင်း၊ ၁၉၃၁ ခု ၊ မတ်လ)

စာဆို အတၴုပ္ပတိ္တ 

မင်းသုဝဏ် ( ၁၉၀၉ – ၂၀၀၄)

အမည်ရင်း ဦးဝန်ဖြစ်သည်။ ၁၉၀၉ ခုနှစ် ဖေဖဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်း ဟံသာဝတီခရိုင်၊ ကွမ်းခြံ ကုန်းမြို့၌ အဘ ဦးလွမ်းပင်၊ အမိဒေါ်မိ တို့မှ မွေးဖွားသည်။ အခြေခံပညာကို ကွမ်းခြံကုန်းနှင့် ရန်ကုန်တွင်ဆည်းဖူးသည်။ ၁၉၂၉ ခုနှစ်တွင် ယူနီဗါစီတီ ကောလိပ်တို့ရောက်ပြီးနောက် အိုင်အေတွင် တစ်နှစ်သာနေရ၏။  ဘီအေဂုဏ်ထူးတန်းကို အောင်မြင်ပြီးနောက် တက္ကသိုလ် တွင် ဆရာတစ်ပိုင်း၊ ကျောင်းသားတစ်ပိုင်းပြုကာ ဆက်လက်သင်ကြားခြင်းဖြင့် ၁၉၃၅ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ရသည်။ ၁၉၃၆ ခုနှစ်တွင် အစိုးရ ပညာတော်သင်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၃၉ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ်မှ စာပေဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ မြန်မာစာ ပါမောက္ခ၊ တက္ကသိုလ်များဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာန စာတည်းမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၂၆ ခု ဒဂုန် မဂ္ဂဇင်းတွင် ပထမဆုံး ကဗျာပါဝင်ခဲ့သည်။

ခေတ်စမ်းစာဆို၊ ကလေးကဗျာ ဖခင်၊ အဘိဓာန် ပညာရှင်နှင့် ဝမ်းတွင်းပါ ကဗျာစာဆိုအဖြစ်ထင်ရှားသည်။ ကဗျာအပြင် ဝတၴု တို ပုံပြင်၊ ဆောင်းပါးများကိုလည်းရေးသားသည်။

ရေးသားထုတ်ဝေသော စာအုပ်များမှာ

  • မောင်ခွေးဘို့ကဗျာများ( ၁၉၃၉)
  • စာပေလောက (၁၉၄၉ ခု ဇော်ဂျီနှင့်တွဲ ဖက်၍)
  • သပြေညိုနှင့် အခြားကဗျာများ မြန်မာစာ မြန်မာမှု
  • ပန်းနှင့်ပင်စည်၊
  • ကဗျာ ပရိယာယ် ( ၁၉၆၃ခု မင်းယုဝေနှင့် တွဲဖက်၍)၊
  • ခေတ်စမ်းစာပေ သုံးပွင့်ဆိုင်၊
  • သိပ္ပံမောင်ဝ၏ မှတ်တမ်းဝင်စာပေများ
  • နှလုံးလှ ပုံပြင်များ ( ၁၉၆၃)
  • ကလေးပုံပြင်များ (၁၉၆၃)
  • ခရီးသည် ( ၁၉၆၅ခု ဇော်ဂျီနှင့်တွဲ ဖက်၍)
  • ရေချမ်းစင်(၁၉၇၀) စသည်တို့ဖြစ်သည်။

လီယာမင်းကြီး (၁၉၈၄) ဖြင့် အမျိုးသားစာပေဆု (ဘာသာပြန်/ ရသ) ချီးမြှင့်ခံရသည်။ 

မင်းသုဝဏ်သည် ခေတ်စမ်းစာပေတည်ထောင်သူ တစ်ဦးဖြစ်ပြီး မြန်မာစာပေ တိုးတက်ရာတိုးတက်ကြောင်း အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည်။ 

發表者:緬甸仔

一個熱愛緬甸的非緬族人

One thought on “ဘကြီးအောင်ညာတယ်

發表迴響

在下方填入你的資料或按右方圖示以社群網站登入:

WordPress.com 標誌

您的留言將使用 WordPress.com 帳號。 登出 /  變更 )

Google photo

您的留言將使用 Google 帳號。 登出 /  變更 )

Twitter picture

您的留言將使用 Twitter 帳號。 登出 /  變更 )

Facebook照片

您的留言將使用 Facebook 帳號。 登出 /  變更 )

連結到 %s

%d 位部落客按了讚: