သူ့မယား

(၁)
ဈေးသည်မ မဖော့သည် ကိုဆင်၏မယားဖြစ်လေသည်။ မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့်ခြေလျင်သွားရလေသည်။ အရောင်းရတွင်လျှင် စောစောပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှပြန်လာတတ်လေသည်။ ပြန်လာတိုင်း ချောင်းကို ဖြတ်ကာ ရွာဘက်သို့ကူးထားသောဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိ်တ်တို့သည် အလိုလို ပေါ်လာတတ်လေသည်။
မဖော့သည် အရက်ထောင်ထောင်မောင်းမောင်းဖြစ်သည်။ ဆံပင်မှာ နီကြန့်ကြန့်ဖြစ်၍ တစ်ထွာသာသာလောက်ရှည်သည်။ သွားအတန်ငယ် ခေါးသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်းစားသမားဖြစ်သည်။ အိုး……. ထိုင်းစားသမားသက်သက်လည်းမဟုတ်ရှာ ပါပေ။ အိမ်မှာ ထင်းအိုးတည်ရသည်၊ သားငယ်သမီးငယ်များကို ထိန်းရသည်။
ကိုဆင်သည် ငယ်စဉ်က သာမဏေဘဝနှင့်ကိုးနှစ်ခန့် နေခဲ့ဖူးသူဖြစ်သဖြင့် စာပေ၌ အတော်အတန်ခေါက်မိသည်။ စိတ်ထားသဘောထားကောင်းသည်။ ရယ်ရယ်မောမောနေတတ်သည်။ အလှူပွဲ၊ မင်္ဂလာပွဲများတွင် ရှေ့တန်းကပါတတ်သည်။ သူ၏အရပ်အမောင်းမှာ မယားလောက်မမြင့်လှ၊ ဆံပင်ကောင်းသည်၊ နှတ်ခမ်းမွေးရေးရေးရှိသည်။ ရင်အုပ်ကျဉ်းသည်၊ ထိုးကွင်းကို ဒူးအထိထိုးသည်။
“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောကျ်ား မင်္ဂလာသြဘာစကား ပြောပုံကို ညည်းလာပြီး နားထောင်စေချင်တယ်။ သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည်းယောကျ်ား ပညာပြည့်ပါပေတယ်အေ့” ဟု မဖော့၏သူငယ်ချင်းမ တစ်ယေက်က ကိုဆင်ကို ချီးမွမ်းလေသည်။ ထိုအခါ မဖော့သည် အလွန်အားရသည်။ သူ၏စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏မျက်နာကို မြင်လာထင်လာလေသည်။ တစ်ခါတစ်ရံ တစ်ဆယ်လေးနှစ် အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ဗျပ်၊ တောင်းစသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်လေသည်။ “ မောင်မင်းကြီးသားကြောင့်၊ ဒီသားကလေးကို အားထားရပေတယ်” ဟု တွေးမိလေသည်။
တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမားတစ်ယောက်ရောက်လာ၍အိမ်ရှေ့ ခုံပြင်၍ စကားပြောနေကြသော မဖော့တို့ သားအမိအား မထီမဲ့မြင်ပြုလို သောမျက်စိဖြင့်ကြည်လေသည်။ ထိုအခါ သားအမိတို့သည် အိမ်တွင်းသို့ပြေးဝင်ကြလေသည်။ အိမ်တွင်းက ကိုဆင်လည်း အိမ်ရှေ့သို့ကပျာကယာ ထွက်လာ၍ ခုံပြင်၌ ခါးထောက်ကာရပ်နေလိုက်သည်။ မထီမဲ့မြင်ပြုလိုသောမျက်လုံးနှစ်လုံးသည် ချာကနဲလှည့်၍ ယိမ်းထိုးသွားကြသော ခြေတို့နှင့်အတူ ယိမ်းယိုင်ကာပါသွားလေသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြုကြည်နေသော မဖော့သည် “ မောင်မင်းကြီးသားသာ မရှိလျှင် ဒုက္ခအဖြစ်ပဲ” ဟု တွေးမိပြန်လေသည်။
မဖော့သည် ယခုသုံးဆယ်ခု နှစ်တွင်းသို့ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြေက်နှစ်မျှ ကြီးသည်။
ကိုဆင်သည် ဤအသက်ဤအရွယ် အထိ မည်သည့်အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ကိုင်ခဲ့ဖူးချေ။ “ ထဘီနားခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင်၊ “ အလိုဝေသန္တရာ မင်းကြီးပင်လျှင် မဒီ္ဒ၏ လုပ်စာကို ထိုင်စားသေးတာပဲ” ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ရှိသည်။ “ ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ” ဟု ပင် နောက်ထပ် ဆက်လိုက်တတ်သေးလေသည်။ သို့ရာတွင် စိတ်ထဲ၌ကာ နာကျင်မိသည်။ နာပင်နာငြားသော်လည်း နားရမှန်မသိ၊ စကားနိုင်လု၍ပြောလိုက်ရသော သူ့ကိုယ်ကိုပင်သူ ချီးမွမ်းလိုက်သေးသည်။
မလိုသူတို့သည် စကားအတင်စီးခံကြရသဖြင့် သာ၍မလိုစိတ်ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ကိုဆင် အသက်အရွယ်ကြိီးလာသောအခါ ပျိုရွယ်စဉ်က မေးအငေါ့ခံရ အမဲ့အရွဲ့ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင်၏ စိတ်တွင်ပေါ်လာကြလေသည်။
ထို့ကြောင့် ကိုဆင်သည် အကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက်ဖြစ်သဖြင့် ခွက်ခွက်လန်အောင် ရှံးပါလေ၏။ နောက်တစ်နှစ်မိုးဦးကျသော အခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွားထိသဖြင့် ခြေသလုံဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာက်ို ဆယ့်ငါးရက်လောက်ကုယူရလေသည်။
(၂)
အနာကျက်သောနေ့တွင် ကိုဆင်၏ အသက် လေးဆယ်သုံးနှစ်ပြည်ပြီ။ အသားအနာကား ကောင်းစွာကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ယင်းစပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ပင် ဈေးသို့ထွက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့သွားလေသည်။ သားအလတ်နှင့် သမီးအထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင်အောက်၌ ကစားကြသည်။ ကိုဆင်သည် ခုံပြင်ဝယ် လက်ဖက်ရည်အဖန်သောက်လေသည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီးခြောက်ယောက်တို့၏ အဖေသည် လက်သမားသတ္တာကို ထမ်းကာထွက်သွားသည်။ ခြေရင်အိမ်က မယားမီးယပ်သည်မ၏ ယောကျ်ားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေ ဖြင့်ကူးလေသည်။ မျက်နှာချင်းဆိုင်အိမ်က အဖိုးအိုပင်လျှင် တစ်တောက်တောက်နှင့် ယောက်မ ခုတ်နေလေပြီ။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်ကာ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့ တလုပ်လုပ် တရွရွ အလုပ်သွားကြ၊ အလုပ်လုပ်ကြသည်ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍အကြည်နူးနိုင်။ ထမင်းအိုးတည်ရမည်ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသောမျက်နာ၊ မဲ့ရွဲ့ကြသောမျက်နာ တို့ကိုလည်းမြင်ယောင်ယောင်ဖြစ်လာသည်။ ထု့ိကြောင့်သူတို့ကို မကြည့်ပဲ ခေါင်းငုံ့နေလိုက်သည်။ သူတို့ကိုကားမမြင်ရ။ သို့ရာတွင် သူဖြစ်ရှေ့ တသီ တတန်းကြီးကိုကား သူ့စိတ်မျက်စိတွင် မြင်ရသည်။ ရှင်လူထွက်သည့်အခါ မှစ၍ ပိုးပဝါတသသဖြင့် လူပေါ်ကြော့လုပ်လာခဲ့ပုံ၊ မဖော့နှင့်ညားပုံ၊ ကုန်ရှံးပုံ၊ ခြေသလုံး၌ဒဏ်ရာရပုံ တို့ပင်တည်းသူဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့်သူမနေချင်။ သူရုန်းထွက်ချင်သည်။ သူတွေးနေသည်မှာ ရဟန်းဝတ်ရလျှင်ကောင်းမည်။ ရဟန်းဖြစ်လျှင်သူ ထမင်းအိုးတည်ရလိမ့်မည်အဟုတ်။ ရဟန်းဖြစ်လျှင်သူလည်း နိဗ္ဗန်ကို မျက်မှောက်ပြုနို်င်မည်။ မယားသားသမီးတို့လည်း သူ့ကိုမှီ၍ကုသိုလ် ရကြမည်။ သူကျွတ်ချိန်တန်ပြီ။ သူဘုရားဆုပန်မည်။ သူရဟန်းဝတ်တော့မည်။ အတွေးကားဤသို့တည်း။
သြော်….. ထမင်းအိုးတည်စရာရှိပါသေး၏တကား။ မတည်လျှင်သူယနေ့ ထမင်းငတ်မည်။ သူ့သားနှင့်သမီးတို့လည်း ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ပင် ဈေးတွင်ဈေးရောင်းနေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ဆွတ်သည်၊ အလေးချိန်ပို၍စီးလျှင် အမြတ်ငွေပို၍ရစရာရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ်ကောင်းကောင်းဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေလေသည်။
ကျွမ်းကျင်သည့် အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာချက်နိုင်သည်။ ကျက်သောအခါ ကလေးများကို ခေါ်၍ မနေ့ညက ချန်ထားသောဟင်းနှင့်စားကြလေသည်။ စားပြီးကြသော အခါ ကလေးများသည် ဆော့မြဲတိုင်းဆော့ကြလေသည်။ ကိုဆင်လည်း အိ်မ်ခါးပန်း၌ ခြေတွဲလွဲချ၍ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင် အတွေးမျိုးကို ထပ်မံ၍ကောက်ပြန်လေသည်။ သူရဟန်ဖြစ်လျှင် နံနက်တိုင်း မဖော့အိ်မ်သို့ ဆွမ်းခံလာမည်။ မဖော့ဈေးသို့ မသွားသေးသဖြင့် မဖော့၏မျက်နာကိုသူမြင်ရမည်။ သူ့သားသမီးများတို့၏ မျက်နာတို့ကိုလည်း မြင်ရမည်။ မဖော့သည် တရားမတတ်၊ စာမတတ်၊ သေလျှင်မဖော့ အပါယ်ကျတော့မည်။ မဖော့ကို သူသနားလာသည်။ မဖော့ကို သူူတရားပြမည်။ ဤသို့တွေး၍ကောင်းနေတုန်းတွင် သားနှင့်သမီးတို့၏ငိုသံကို ကြားလိုက်ရာ အတွေးဆက်ပြတ်သွားလေသည်။ ညီမငယ်က အကို၏မျက်နာကို ကုတ်ဆွဲသဖြင့် အကိုက ငိုလေသည်။ တဖန် အကိုက ညီမငယ်၏ ဆံပင်ကို လိုက်ဆွဲသဖြင့် ညီမငယ်ငိုပြန်လေသည်။
“ နင်တို့ငါ့ကို အလွန်ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ၊ နင်က ဒီတိုင်မှာထိုင်၊ နင်ကလည်းဟိုတိုင်မှာထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည်ကြိမ်းမောင်း၍နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲ နေရာမှာပြန်ထိုင်၍ အတွေးကိုပြန်ကောက်လေသည်။ ကောက်၍မရတော့ချေ။ အတန်ကြာသောအခါ ကလေးတို့ကိုကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်လည်း သမ်းဝေလာသည်။
“ ဘယ်ကိုမှ ထမသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် လဲလျောင်း၍မျက်စိတ်ို့ကိုမိှိတ်လေသည်။ ကိုဆင်မျက်စိမှိတ်သည် နှင့် တပြိုက်နက် ကလေးတို့၏ မျက်စိသည်ကျယ်လာကြသည်။ တစ်ယောက်၏မျက်နာကို တစ်ယောက်ကြည့်ကြသည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ပြန်ကြသည်။ ကိုဆင်အိပ်ပျော်လျှင်သူတို့ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှ ကြာသွားသည်မသိ၊ ကိုဆင်နို်းလာသောအခါ မဖော့၏ အသံကို ကြားရလေသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နို်းလာရခြင်းဖြစ်လေသည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့မော့၍……
“ ကြည့်စမ်းဟေ့ကောင်လေးဆင်းခဲ့၊ မြန်မြန်ဆင်းခဲ့၊ လိမ့်ကြလျှင်မခက်ပါလား။ ညီမလေးဘယ်မှာလဲ”
“ ဟို- ကမ်းနားမှာ ”
“ အကျိုးနည်းကုန်ပါပြီတော်၊ ကိုဆင်၊ ရှင်သည်လိုပဲ ကလေးတွေက်ိုပစ်ထားရသလား၊ တယ်တော်တဲ့ အဖေပါလား၊ ရှင်”
ထိုအခိုက်တွင် သမီးသည် ရွံ့ပေနေသောလက်များဖြင့် အမေ့ထံသို့ပြေးလာသည်။ သားလည်း မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နှင်းမိပြိီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းဖြင့်ကြည့်၏။ ကလေးတို့သည် အမေ့ကို ကွယ်နေကြသည်။ “ ရော့- ကိုဆင် ဆေးပေါ့လိပ် ” ဟု မဖော့သည် ပြောပေးပေး၍ ကလေးများကို စားဖိုဆောင်သို့သိမ်းရုံး ခေါ်သွားလေသည်။ ကိုဆင်သည် စားဖိုဖက်သို့ လိုက်၍ကြည့်သည်။ မဖော့သည် သမီး၏လက်များက်ို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန်ပဲ တို့ကို ကလေးတို့အားထုတ်ကျေွးသည်။ ထို့နောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကိုဖြေသည်။ ခါးကို ရှေ့သို့ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာရှည်သော ဆံပင်တို့သည် ရှေ့သို့ဖားလျားကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။ “ အမေ့ကျောကို တတောင်နှင့်ကြိတ်စမ်း” ဟုဆိုသဖြင့် သားသည် မုန့်ကို ပါးစပ်ထဲ၌ ကိုက်ကာ အမေ့ကျောကို တတောင်နှင့်ကြိတ်နေသည်။ ကျောသည် တတောင်အောက်တွင် ယိမ်းယိ်မ်းနေရာ ဆံပင်ဖားလျားကြနေသော ခေါင်းလည်း ယိမ်းယိမ်းနေလေသည်။ မဖော့ကို ကြည့်ရသည်မှာ သရဲ အခြောက်ခံနေရသည်နှင့်ပင်တူလှပေသည်။
ကိုဆင်သည် မဖော့ကိုမြင်၏။ သက်ပြင်းကြီးချ၍ “ ငါသင်္ကန်းဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းနှင့် အတွေးသစ်လောင်း လိုက်ပြန်သည်။ သို့ရာတွင် မယားကိုတောတော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူး ချိန်ရောက်မှ ပြောဝံ့၍ သူ့ အကြံ အထမြောက်သွားလေသည်။
(၃)
ပြောစဉ်က တစ်လ လောက် သင်္ကန်းဝတ်လိုကြောင်း ပြော၍ သင်္ကန်းဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင်လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော်ရှဖော် အဖြစ်ဖြင့် လာရောက်နေထိုင်သော မဖော့၏ ထွေးလေးသည် သူ၏ သမီးများကို အောက်မေ့လှပြီ၊ သူုရွာသို့ပြန်ချင်ပြီ။ တစ်နေ့သောအခါ ထွေးလေးက “ ဦးပဉ္စင်း ဘယ်တော့ လူထွက်မှာလဲ” ဟု မေးလျောက်လေသည်။ ဦးပဉ္စင်းသည် မေးလျောက်သည်ကို မဖြေ။ သင်္ကန်း၏ အရိပ် အာဝါသ အေးမြကြောင်း အစချီကာ ပါဠိကာထာ များကိုရွတ်ဆို၍ တရားဟောလေတော့သည်။ ထွေးလေးခက်ပြီ။ ထွေးလေး၏နားသို့ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်းကြွသွားသော အခါ ထွေးလေးသည် “‌ဟေ့ ရှင်ဖော့၊ ငါပြန်ခြင်ပြီ၊ ညည်းဦးပဉ္စင်းကို လူအထွက်ခိုင်းတော့။ ငါအလကားသက်သက်မယ့် ညည်းအိမ်မှာ ကျွန်မခံချင်ဘူး” ဟု မဖော့ကို ကြိမ်းပေသည်။ မဖော့ကလည်းဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တခါ နှစ်ခါ လျောက်ပါ၏။ တရားအဟောသာခံခဲ့ရလေသည်။ ဝါလည်းဝင်လုပြီ၊ ထွေးလေးကလည်း နားပူလှပြီ။
ကြံရာမရ သဖြင့် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်လေသည်။ ပြီးသော အခါ နှစ်ယောက်သား တဝါးဝါး ရယ်မောကြလေသည်။
(၄)
ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင်ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင်ချက်ပြုတ် ကြော်လှော်နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါးလူးသည်။ ခြေအထိ လူးသည်။ မျက်နာမှာ ခပ်ပါးပါးခပ် မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံးမွေှးကြိုင်နေသည်။ ဆံထုံးကို သပ်ရပ်စွာထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နာတို့သည် အချိုး အစားကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ရှိမဲ့ ဆံစ များကို ခိုတောင်ကျအောင် အတင်းသိမ်းဆွဲထားသည်။ ကွမ်းဝါး၍ နုတ်ခမ်းတို့ကို နီစေသည်။ အင်္ကျီဖြူဖြူပါးပါးနှင့် ပန်းပွင့် အနီရိုက် သရက်ထည် ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေးနှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲမှာ အချို့အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးထားသည်။ အိမ်ရှေ့တွင်လှည်း တစ်စီးကို အဆင်သင့်ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ကြွလာ၏။ သူ့နောက်သူ့သား ကျောင်းသားပါလာသည်။ ရှောက်လာရင်း “ငါ့ကိုလူထွက်ဖို့ပြောကြအုံးမှာပဲ” ဟုတွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ရောက်လာ၏။ လှည်းကိုမြင်သည်၊ အိမ်တွင်းသို့ဝင်၏။ အထုပ် အပိုးတို့ကို မြင်ပြန်သည်။ ထွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သောဖျာပေါ်တွင် ထက်ဝယ် ဖွဲ့ခွေ ထိုင်လိုက်လေသည်။ မဖော့ကိုကားမမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ခီျကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နာကို ငုံ့ထားသည်။ ငုံံ့လျက်နှင့်ပင် ဦးပဉ္စင်းအားဆွမ်းကပ်သည် ဦးပဉ္စင်းသည် တစ်ချက်မှ စောင်းငဲ့၍ကြည့်၏။ မဖော့ ဖီးပုံလိမ်းပုံ၊ ဝတ်ဆင်ပုံတို့ကိုမြင်သည်။ တဖန်ထပ်၍ တစ်ချက်ကြည့်ပြန်သည်။ ထူးခြားလှပါတကားဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ပင် ပြန်ဝင်သွားလေသည်။ ဆွမ်းစားရင်း “ မဖော့ ငါ့ကိုဘာ့ကြောင့် မကြည့်ပါလိမ့်” ဟူသော အတွေးကြောင့် မဖော့၏ ထူးခြားသောရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာလေသည်။ “ ငါ့ကို လူထွက်ဖို့ပြောမှ ပါပဲ။ ငါ့တာဝန်ကတော့သင်တို့ကို တရားပြဖို့ပဲ မဟုတ်လား” ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားလေသည်။
ဆွမ်းကိစ္စပြီးလေသည်။ အချိုပွဲကို မဖော့ယူလာပြန်၏။ ဦးပဉ္စင်းလည်း တစ်ချက်ကြည့်လိုက်ပြန်သည်။
“ အလို နဖူးမှာ ခိုတောင်များချလို့ပါကလား” ဟု အံ့သြ မိိပြန်သည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ပြန်ထွက်လာ၍ခပ်လှမ်းလှမ်း တစ်နေရာတွင် ခပ်ကျုံ့ကျုံ ထိုင်လေသည်။ ဦးပဉ္စင်းက တရားဟေားတော့မည်ဟု ပြင်လိုက်သည်နှင့် တပြိုင်နက် မဖော့သည် “ ထွေးလေး၊ လှည်းဆရာကြီးမလာသေးဘူးလား” ဟု လှမ်းမေးလိုက်လေသည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့လှမ်းကြည့်လိုက်လေသည်။
ဦးပဉ္စင်းသည် တရားစကားကို စရမည့်အစား “ မဖော့တို့ဘာများလုပ်ကြမှာတုန်း” ဟု မေးလေသည်။
“ ဦးပဉ္စင်းကြီးကို အလုံးစုံလျောက်ပါရစေဘုရား” ဟု မဖော့သည်ခေါင်းကို မမော့ဘဲပြောသည်။“ ထွေးလေးကလည်း သူ့ရွာကိုပြန်ချင်လှပြီ။ ထွေးလေးပြန်ရင် တပည့်တော်မ မှာ ဈေးကိုလည်း မထွက်ရ၊ ကလေးတွေကိုလည်း မကြည့်ရဖြစ်ပါလိမ့်မည်၊ ဒုက္ခမရောက်ရအောင် တပည့်တော်မ နှင့် ကလေးနှစ်ယောက် ထွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ဘုရား၊ သားကြီးကိုသာဦးပဉ္စင်းကြီးကြည့်ရှပါဘုရား၊ ဟဲ့ ကလေး… ဦးပဉ္စင်းကြီးနှင့်နေရစ်ပေတော့”
မဖော့သည် ခေါင်းကိုမမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့က ဆက်၍လျောက်ပြန်သည်မှာ …
“ဦးပဉ္စင်းကြီးလည်း တသက်လုံးပဲ ရဟန်းဘဝနှင့်နေပါ။ တပည့်မ တို့လည်း သင့်သလိုကြည့်နေပါမယ်။ ဦးပဉ္စင်းကြီးရဲ့ဘဝနဲ့ တပည့်တော်မရဲ့ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့တကာမ အဖြစ်သာဆက်ဆံနို်င်ပါတော့မည်။ တပည့်တော်မ မှာလည်း သားသမီးနှစ်ယောက်ရှိနေသေးတော့၊ တရွာတကျေးှမှာ အားကိုးအားထားတွေ့ရင်လက်ခံလိုပါတယ်။ ဟဲ့…. ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်ယူတင်လိုက်။ ဒါ့ကြောင့်မို့ အခုကစပြီးရှင်းအောင် ကိစ္စကိုစီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှပ်အထွေးဖြစ်ပြီးရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု မဖော့က လျောက်လေ၏။
“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့်မြည်လိုက်၏။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နာကို မဖော်တဖော် ထားလေသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင်သည်ပြင် ပြင်သလိုပြု၍၊ မဖော့ကို တချက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ “ ဦးပဉ္စင်းကြီးဘုရား….ယခုလိုလျောက်ထားရတာဟာ နှစ်ဖက် အကျိုးကိုကြည့်ပြီး လျောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နို်င်ပါလိမ့်မယ်။ တပည့်တော်မ မှာလဲ အခြားအားကိုးအားထားကို တွေ့ပါက….”
“ဟာ …. နင်တို့ထွေးလေး ရွာမှာ ထန်းရည်သမား အလွန်ပေါးတယ်ဟ။ ငါလူထွက်ပါတော့မယ် ဟာ” ဟုပြော၍အိမ်မှ ဆင်းသွားလေ၏။
မဖော့သည် ကိုဆင်၏ မယားဖြစ်ရပြန်လေသတည်း။
(ဂနၴလောက၊ ၁၉၃၇)

發表者:緬甸仔

一個熱愛緬甸的非緬族人

發表迴響

在下方填入你的資料或按右方圖示以社群網站登入:

WordPress.com 標誌

您的留言將使用 WordPress.com 帳號。 登出 /  變更 )

Google photo

您的留言將使用 Google 帳號。 登出 /  變更 )

Twitter picture

您的留言將使用 Twitter 帳號。 登出 /  變更 )

Facebook照片

您的留言將使用 Facebook 帳號。 登出 /  變更 )

連結到 %s

%d 位部落客按了讚: