ထွက်ပေါက်

တက်တိုး
အသက်ငါးဆယ်ကျော်စမျှ ရှိသော်လည်း တစ်ရပ်ကွက်လုံးက သူ့ကိုရိုသေကြသည်။ ဦးသာခင် ဆိုလျှင် ဘယ်ဦးသာခင်လဲ ဟု မေးသူမရှိ၊ တစ်ရပ်တစ်ကျေးကလာ၍နေသူများပင်လျှင် ဦးသာခင်၏ သိက္ခာ သမာဓိကို သိကြသည်။ မသိဘဲနေ၍ လည်းမဖြစ် လူတိုင်းက အကြောင်းကြုံတိုင်းပြောနေကြသောကြောင့်ပင်၊ မြင်းလှည်းသမား လှတင်က သငေ်္ဘာမှ ဆင်းလာသော သူစိမ်းဧည့်သည်များကို သူ့မြင်းလှည်းပေါ်တွင်တင်၍ သူတို့လိုရာ မိတ်သင်္ဂဟ များ၏ အိမ်များသို့ ပို့သည့် အခါ၊ နဂိုက စကားခပ်များများ ဖြစ်သည့် အလျောက် ဦးသာခင်၏ သိက္ခာ သမာဓိအကြောင်းကို ပြောပြလေ့ရှိသည်။ “ သြော်….. နောင်ကြီးတို့အမကြီးတို့ ပြောတာ စာရေးကြီးဦးရှိန်ရဲ့ အိမ်မဟုတ်လား။ သိပါတယ်၊ သိပါတယ်။ သမာဓိ မြို့ဝန်ဦးသာခင်အိမ်နဲ့ မျက်စောင်းထိုးအိမ်ပါ” ဟု ပြောလိုက်ပြီးလျှင် စကားစ မဖြတ်ဘဲ၊ “အဲဒီ ဦးသာခင်ဟာ အင်မတန် သိက္ခာ သမာဓိ ရှိတာပဲ၊ ပွဲစားကြီးပေါ့။ ဣနြေ္ဒသိပ်ရှိတာပဲ။ ပြီးတော့ရပ်ရွာနဲ့အင်မတန်တည့်တယ် မျက်နှာ ဘယ်တော့မျှ မလိုက်ဘူး။ သွေးကြီးဖို့ဝေးရော ကလေး ကလေးက အစ ခင်ခင် မင်မင် ရှိတယ်။ အင်မတန်ကြည်ညှိစရာကောင်းတဲ့လူကြီးပါပဲ” ဟု ဆိုလေသည်။ ဦးရှိန်၏ အိမ်သို့သွားလိုသော ဧည်သည်များမှာ မြင်းလှည်းသမားက သူတို့မသိသော ဦးသာခင် အကြောင်းကို ဘာကြောင့် ရှည်ရှည်လျားလျား ပြောနေပါလိမ့်ဟု စိတ်ထဲက အောက်မေ့ကြမည် ဖြစ်သော်ငြားလည်း သူတို့ မသိသော ဦးသာခင် အကြောင်းကို သိလိုက်ကြရလေသည်။
အကယ်၍ သာ အညိမ်မနေ တတ်သော ဧည်သည် တစ်ယောက်ယောက်သာ မြင်းလှည်းသမားကို သိက္ခာ သမာဓိ ဆိုသော စကားလုံးကြီးများ၏ အဓိပ္ပာယ်ကို ရယ်သလို မေားသလိုနှင့် မေးလိုက်လျှင် လှတင်ကဲ့သို့ မြင်းလှည်းသမားမျိုးက ပြုံးဖြီးဖြီးလုပ်ကာ “ အို…. လူကြီးပီပီ နေတာ မျိုးပေါ့ဗျ။ ဦးသာခင်ဟာ ငယ်ငယ် ကလေး ကတည်းက တစ်ခါမှ နောက်တီးနောက်တောက် မလုပ်ဘူးတဲ့။ သူ့သူငယ်ချင်းတွေက သူ့ကို ကျောင်းသားဘဝ ကတည်းက ဦးသောဘိတ လို့ခေါ်ကြတယ်။ သိပ်ရိုးတဲ့လူပဲတဲ့။ ဘာဖြစ်လို့ ဘုန်းကြီးမဖြစ်တာလဲတော့ မပြောတတ်ဘူး။ အိုး…… နောင်ကြီး ကိုယ်တိုင် ဦးသာခင်ကိုမြင်ရင် ကြည်ညှိမှာပါ။” ဟု စကားသံရှည်ပေမည် မုချပင်။
ဦးသာခင်ကို ရပ်ရွာက သမာဓိ ရှိသူ တစ်ဦးအဖြစ် အလွန် ကြည်ညှိ ကြသည်။ အချို့က သူနှင့်ရင်းနှီ ၍ သူ့အကြောင်း ကို ကောင်းကောင်း သိ ၍ ကြည်ညှိကြသည်။ အချို့က ကြည်ညိုသူပြောပြ ချက်ကို မှီ ၍ ကြည်ညိုကြသည်။ အချို့ကမူ ဦးသာခင် အကြောင်း အနည်း အကျည်းမှျှသာ သိကြသော်လည်း လူတကာ ကြည်ညိုနေကြောင်းသိသဖြင့် ရောနှော ၍ ကြည်ညိုကြသည်
ဦးသာခင်သည် ထို ရပ်ရွာသားဖြစ်သည်။ ငယ်စဉ်ကတည်းက မျက်နှာထားတည်ကြည်သဖြင့် လူကြီးများက ချီးမွမ်းကြသည်။ ရွယ်တူ လူငယ်များက ပထမ၌ ရူးပေါးပေါးဟု ထင်ကြသော်လည်း သူ၏ ဆက်လက်တည်ကြည် ရိုးသားမူကြောင့် တဖြည်းဖြည်း သူ့တည်ကြည်မူကို အသိအမှတ်ပြုလာကြသည်။ “ အို…. သာခင်ကိုတော့မခေါ်ပါနဲ့ကွာ။ ဒီလို အရက်ပွဲမျိုးလိုက်မှာ မဟုတ်ပါဘူး” ဟု ဆိုကြသည်။ “ ဟား…. ဘာရမလဲ၊ ဒီဘုန်းကြီးမျိုးကို ချွတ်ရမှ ဇိမ်ရှိတာ။ ငါတော့ အတင်းတိုက်မှာပဲ” ဟု တစ်ယောက်က မလျှော့ခြင်သည့် အလျောက် ပြောလျှင် အများက ဝိုင်း ၍ “ အို… မင်းက သည်လို လုပ်လို့ ရမယ် ထင်သလား။ မရသေးဘူးမောင်။ သာခင်က ဖျက်ဆီးလို့ရတဲ့ လူမျိုးမဟုတ်ဘူးကွာ။ ဒီပြင်နေရာတွေတော့ သူလိုက်သားပဲ။ ဒီကောင် ခွစာမှ မဟုတ်တာ၊ နေပါစေ သူ့ဝါသနာနဲ့သူနေပါစေ” ဟု တားဆီးကြလေသည်။
သူသည် ငယ်စဉ် ကတည်းကပင် လူတိုင်းနှင့်တည့်အောင်ပေါင်းတတ်သည်။ သူတစ်ပါ ပေါင်းရခက်သည် ဆိုသော သူများကိုလည်း သူလေပေးဖြောင့်အောင် ဆက်ဆံတတ်သည်။ နေရာတကာ စွာကျယ်စွာကျယ် လုပ်သူတို့နှင့် အခြားသူများ တစ်ခါ မဟုတ် တစ်ခါ ဆိုသလို ရန်ဖြစ်တတ်ကြသော်လည်း သာခင်နှင့် အမြဲတမ်းတည့်ကြသည်။ သူတစ်ပါး အပေါ် စီးပိုးသောသူများလည်း သာခင်နှင့် တည့်ကြသည်။ သူသည် ဆက်ဆံ မှု ၌ စံပြု အပ်သော ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် အလျောက် အားလုံးက ခင်ကြသည်။ သူ့တည်ကြည်သော မျက်နှာထားနှင့် ပြတ်သားသော်လည်း နားဝင်မဆံ့ မဟုတ်သော စကား အပြော အဆိုတို့ကို အကြောင်းပြု ၍ သူ့ကို ရွယ်တူ အချင်းချင်းတို့ကပင် လေးစားလာကြသည်။
သာခင်သည် ခေတ်ပညာ အသင့် အတန် တက် ၍ ခေတ်ဗဟုသုတ နှင့် အတော်ပင်ပြည့်စုံလေသောကြောင့် လူလတ် အရွယ်တို့ရောက်သောအခါ သူ့နေရင်းမြေလတ် မြို့ ကလေးတွင် ပွဲစားအဖြစ် လူတစ်လုံးသူတစ်လုံး ဖြစ်လာလေသည်။ မြို့ကလေး၌ သိက္ခာသမာဓိ ရှိသည်ဟု အမှတ်ပြုခံရသူသည် မြို့ရေးရွာရေးတို့၌ လွတ်လွတ်ကင်းကင်း မနေသာပေ။ အသက်သုံးဆယ်ခန့်သာရှိသော မြူနီစီပယ် လူကြီး၊ နောက်မြူနီစီပယ် ဥက္ကဌ တစ်ချိန်ထဲ ၌ သမာဓိမြို့ဝန် စသည့် ရပ်ရွာလူကြီးရာထူးများကို အများက ကြည်ဖြူစွာ တင်မြောက်နှင်းအပ်သဖြင့် ဦးသာခင် အဖြစ် လူကြီးလုပ်ရလေသည်။
ဦးသာခင် အဖို့ မွေးကတည်းက လူကြီးလုပ်ဖို့ဇာတာပါလာသူဖြစ်သည်ဟု သူကိုယ်တိုင်ကပင် ယူဆ လေသောကြောင့် လူကြီးလုပ်ရန် ဝန်မလေးလှပေ။ မျက်နှာထားတည်ကြီးနှင့် လူလယ်ကောင်တွင် ဣနြေ္ဒကြီးစောင့်ထိန်းနေရခြင်းသည် သူနှင့် ရွယ်တူ လူလတ် တို့အဖို့ ဘုရားကြီးမုခ်ဝက ခြငေ်္သ့ ကြီးနှစ်ကောင်ကို ပခုံး တစ်ဖက်စီပေါ်တွင် ထမ်းထားရကဲ့သို့ဖြစ်ကောင်းဖြစ်မည်။ သူ့အဖို့ဝန်လေးသည်ဟု မမှတ်ပေ။ တည်ကြည်ရန် အကျင့်သားရနေပေပြီ။ ဣနြေ္ဒ အထူးစောင့်ထိ်န်းစရာမလို ဦးသာခင် နှင့်ဣနြေ္ဒ တို့သည် ဒွန်တွဲ လျက်နေလေသည်။
ဦးသာခင်သည် သူ့ဣနြေ္ဒ ၏ တန်ဖိုးကို သူကောင်းစွာသိသည်။ သမာဓိမြို့ဝန် အဖြစ်နှင့် ပါးရိုက်မှု ဆဲမှု စသော အသေးအဖွဲ အမှုများကို ထုံးစံအတိုင်း မြို့က မစစ်ခြင်သည့်အလျောက် လွှဲပေးလိုက်၍စစ်ဆေးရသောအခါ တရားလို တရာခံတို့သည် ဦးသာခင်၏ ဣနြေ္ဒ တို့ကို လေးစားသည့် အားလျော်စွာ အမှန်ကို ထွက်ဆိုကြသည်။ ဦးသာခင်၏ မျက်နှာထားမှာ တည်ကြည်သော်လည်း ခက်ထန်ခြင်းမရှိ ကြည်လင် ၍မြင်သူတို့၌ ချစ်ခင်ကြည်ညိုစ်ိတ်ပေါ်လာစေသည်။ အမှုသည် များသည် ထိုမျက်နှာမျိုးရှေ့တွင် မုသားပြောဆိုဖို့ခက်ကြသည်။ မပြောရက်သလို ဖြစ်နေကြသည်။ ဦးသာခင်သည် အသက်သုံးဆယ် မပြည့်ခင် သူ့ကိုယ်ရေးကိုယ်တာ အတွက် အလုပ် နှစ်ခု လုပ်လေသည်။ ပထမ အလုပ်မှာ နူတ်ခမ်းမွေး ထားခြင်းဖြစ်သည်။ သူသည် သူ့ဦးလေးကြီးကို အမြဲတမ်း အထင်ကြီးခဲ့သည်။ အထင်ကြီးသည့် အကြောင်းအရင်းမှာ သူ့ဦးလေးကြီးတွင် အလွန်ကျက်သရေ ရှိသော နူတ်ခမ်းမွေးရှိခြင်းပင်ဖြစ်သည်။ အလွန်ကျက်သရေရှိသည် ဆိုသော စကားမှာ သူ့စကားမျှသာဖြစ်သည်။ မည်သူကမျှ သူ့ဦးလေးကြီး၏ နူတ်ခမ်းမွေးကြီးကို ချီးကြူးသည်ဟူ၍ မရှိခဲ့သောလည်း သူကမူ ကိုးနှစ် ဆယ်နှစ် အရွယ် လောက် ကတည်းကပင် သူ့ဦးလေးကြီး၏ နူတ်ခမ်းမွေးကို နှစ်သက်ခဲ့လေသည်။ ကျက်သရေ ရှိသည်ဟု စွဲထင်မိခဲ့လေသည်။ ထို့ကြောင့်သူသည် အသက်သုံးဆယ် မပြည့်ခင်တွင် နုတ်ခမ်း မွေးထားလေသည်။ နူတ်ခမ်းမွေးတိရန် ကပ်ကျေးပါးကလေး ဆောင်ထားလေသည်။ နံနက် ထမင်းစားပြီးနောက် သမာဓိမြို့ဝန် ရုံးတက်ခါနီးတွင် သူသည် ခေါင်းပေါင်းမပေါင်းခင် တခါ၊ ပေါင်းပြီးမှ တစ်ခါ နှစ်ကြိမ် နှစ်ခါ တိတိ နုတ်ခမ်းမွေးကို သာယာ ညင်းပျောင်းယုယ စွာ ကပ်ကျေးကလေးနှင့် တိပေးလေ့ရှိသည်။ သူ့နုတ်ခမ်းမှာ သူ့ဦးလေးကြီး၏ နုတ်ခမ်းမွေးနမူနာ အတိုင်းပင်လျင် အပေါ် နုတ်ခမ်းပေါ်တွင် ခပ်ထူထူ ခပ်သိပ်သိပ် ကလေး အလည် နုတ်ခမ်းချိုင့် ကလေးခြားကာ နှစ်မြောင်း ယှဉ်တန်းလျက် ရှိပြီးလျင် အစွယ် နှစ်ဖက်မှာ အရှည်ချင်းတူလျက် အဖျားကော့တက် ၍နေလေသည်။ ဦးသာခင်သည် နူတ်ခမ်းမွေးကို ကပ်ကျေးနှင့်တိပြီးတိုင်း လေးလေးတွဲ့တွဲ့ အပြုံးကလေးပြုံကြည့်သည်။ သူ့အပြုံးကို ဣနြေ္ဒ အပြုံးဟု ခေါ်ခြင်ခေါ် နိုင်ပေသည်။ ကြည်လင် ဝိုင်းစက်သော သူ့မျက်လုံးကြီးများ၏ အောက်မျက်ကွင်းများမှာ နာတံ ဘေးနှစ်ဖက်မှ အောက်သို့နာခေါင်းဝ အစွန်းနားမှ ယှဉ်တန်းနေသော နုတ်ခမ်းမွေးနှစ်သွယ်ထဲ့သို့ယိုဆင်း၍နုတ်ခမ်းစွန်းနှစ်ဖက်ကို တဖြည်းဖြည်းပြန့်၍ ကုပ်သွားသော အပြုံးကလေးပေတည်း။
ထိုအပြုံးကလေးကို မည်သူက နှစ်သက်ပါသနည်းဟု မေးလာပါမူ၊ ပထမ ဦးဆုံးနှစ်သက်သူမှာ ဦးသာခင်ပင်ဖြစ်သည်။ နောက်နှစ်သက်သူ တစ်ယောက်ရှ်ိပါသေးသည်။ ထိုဒုတိယ နှစ်သက်သူမှာ နှစ်သက်ရုံနှင့်မတန်သေးပဲ စွဲနေလေတော့သည်။ ယင်းသည်ကား ဆရာမ မတင်မေပင်ဖြစ်ပါသည်။ မတင်မေသည် မြူနီစီပယ်ကျောင်းက အောက်တန်း ဆရာမ ကလေးဖြစ်သည်။ အသက်သုံးဆယ်နီးပါရှိ၍ အပျိုကြီးဘဝနှင့် ဘဝ စခန်းသိမ်းရမည့် ပုံလိုလိုဖြစ်နေချေ သည်။ သူလည်း ဣနြေ္ဒရှိသော မိန်းမ အဖြစ်နှင့် အတော်ပင် ကျော်စောလေသည်။ သူဣနြေ္ဒ ရပုံ ကလေးမှာ ချစ်စရာကောင်းလှပါသည်။ မျက်လုံးကလေး ကြည်လင်ပြူးကျယ်၍နာတံပေါ်သဖြင့် အတော်ပင် ချစ်စဖွယ် ဖြစ်ပါ၏။ သို့သော် ဣနြေ္ဒ ရလွန်း၍ပင်လျှင် သူ ့သူငယ်ချင်းမ များအသီးသီး အိမ်ထောင်ကျသွားသော်လည်း သူမှာ အပျိုကြီးဖြစ် ကျန်ခဲ့လေသည်။ သူအိမ်ထောင်ပြုမည်ဆိုလျှင် ပြုနိုင်ကောင်းပါ၏။ သူ့ရုပ်ရည်ကို စွဲမက်သူ မရှိ၍ မဟုတ်။ သူ့ဣနြေ္ဒ ကို နှစ်သက်သူ မရှိ၍လည်းမဟုတ်။ သို့ ရာတွင် သူက ဣနြေ္ဒရှိသူကိုမှ အချစ်တုံ့ပြန်လိုသော ဆန္ဒရှိသောကြောင့် အပျိုကြီးဖြစ်နေခဲ့ခြင်းဖြစ်သည်။
ဣနြေ္ဒရှင် သမာဓိမြို့ဝန် ဦးသာခင်နှင့် ဣနြေ္ဒရှင် ဆရာမ မတင်မေ တို့အဖို့ လူလယ်ဘာဝ ချစ်ကြိုက်သွားကြသည်ဟု ဆိုရန် ခဲခက်လှ၏။ ဣနြေ္ဒရှင်များသည် အသက်ငယ်သည် ဖြစ်စေဦးတော့၊ လူငယ်များ မဟုတ်နိုင်။ ဦးသာခင် သည် အသက်သုံးဆယ်မျှ မပြည့်ခင်ပင် လူရွယ်လူလတ်ဘဝ မလွတ်နို်င်ရှာဘဲ လူကြီးလုပ်နေရလေသည်။ မတင်မေ မှာလဲ ဆရာမလည်းဖြစ်၊ ဣနြေ္ဒ ရှင်လည်းဖြစ်သဖြင့် ဆရာမ ဒေါ်တင်မေ အဖြစ်နှင့် နေရရှာလေသောကြောင့် ရည်းစားထားဖို့ကိစ္စမှာ မဖြစ်နို်င်သောကိစ္စဖြစ်နေခြေသည်။
နောက်ဆုံး၌ ဦးသာခင်က ဒေါ်တင်မေကို ရုပ်ရည် လှပသည့် အရည်အချင်းနှင့် ဣနြေ္ဒရှိခြင်းတို့ကြောင့် နှစ်သက်သည့် အလျောက် သူ့ဦးလေးကြီးကို ပြောပြသဖြင့် သူ့ဦးလေးကြီးက ဒေါ်တင်မေ၏ အဒေါ်နှင့် တိုင်ပင်၍ စီစဉ်ပေးလေသည်။ ထို့ကြောင့် ဦးသာခင်သည် အသက်သုံးဆယ် မပြည့်ခင် နုတ်ခမ်းမွေးထားပြီးသည့်နောက် ဒေါ်တင်မေနှင့် အိမ်ထောင်ပြုလေသည်။
နုတ်ခမ်းမွေးထားသောလည်း ဗိုလ်ကေ ကို မဖြုတ်ပေ။ သို့ရာတွင် အရပ်လူကြီးဖြစ်နေသောကြောင့် အမြဲလိုလို ခေါင်းပေါင်းထားရသဖြင့် ကြည့်၍ ခွ ကြသည်ဟု ဆိုနိုင်သည့် အကွက်မဆိုက်ခဲ့ပေ။ ဦးသာခင်သည် သမာဓိမြို့ဝန် တစ်လျှောက်လုံးဖြစ်ခဲ့လေသည်။ အခြားလူကြီးများမှာ သက်တမ်းစေ့သောအခါ သမာဓိမြို့ဝန်ရာထူးမှ ထွက်သွားရသော်လည်း ဦးသာခင်ကိုမူ သက်တမ်းပြည့်လျှင် သက်တမ်းသစ် ပေး၍ ဆက်လက်ခန့်ထားခြင်းခံရလေသည်။
သမာဓိမြို့ဝန် နှင့်ဓာတ်တူနံတူ ဖြစ်သော မြူနီစီပယ် ဥက္ကဌ ရာထူးကိုလည်း ဦးသာခင်အဖို့အမြဲတမ်း သီးသန့်ထားရသကဲ့သို့ဖြစ်သည်။ သူက မလုပ်ပါရစေနှင့်ဟု ငြင်းပယ်သည့် တိုင်အောင် အများကပင် “ အိုး… ဦးသာခင် ဆက်လုပ်ပါ၊ ဦးသာခင်က လူအကြည်ညို များပါတယ်” ဟု ဆို၍သူ့အား အတင်းပေးကြသည်။ ဦးသာခင်သည် လူအများ ကြည်ညိုသည် ဆိုသောစကားကို ကြားရတိုင်း၊ သူ့ဣနြေ္ဒကို သူကျေးဇူးတင်မိ၏။ ဣနြေ္ဒ သိက္ခာကြောင့် သမာဓိရှိသည်ဟု ဆိုကြသည်။ သမာဓိကြောင့်ကြည်ညိုကြသည်။ ထို့ကြောင့် သူသည် သမာဓိ၏ ပြယုဂ် ဖြစ်သော ဣနြေ္ဒကို အမြဲတမ်းကိုးကွယ်လေသည်။ သူ၏ ထိီးချက်စောင့်နတ်သားမှာကား၊ ရမည်းသင်းစား သီလဝပင် ဖြစ်ပေတော့သည်။ သူသည် ငယ်စဉ်ကတည်းက သီလဝကို သဘောကျခဲ့လေသည်။ သူ့ကို သူ သီလဝ ဖြစ်အောင် ကြိုးစားမည်ဟု ပိုင်းဖြတ်ခဲ့လေသည်။ ယခု သီလဝကျင့် ကျင့်သောကြောင့်လည်း မြို့ဝ န် မျက်နာဖုံး တစ်ဦးဖြစ်ရပေပြီ။
ဦးသာခင်သည် အသက် လေးဆယ်ကျော်၊ ငါးဆယ် အတွင်းသို့ရောက်သော အခါ သူ့မြို့ကလေးတွင် ထိပ်တန်းသို့ရောက်လေသည်။ သူ့ပွဲရုံမှာ မြို့ပေါ်တွင် အကြီးဆုံးဖြစ်သည်။ သူ့လုပ်ငန်းမှာ အအောင်မြင်ဆုံးဖြစ်သည်။ သူသည် မြို့ပေါ်တွင် အချမ်းသာဆုံးဖြစ်သည်။ အမြဲတမ်း သမာဓိမြို့ဝန်၊ အမြဲတမ်းမြူနီစီပယ် ဥက္ကဌ ဖြစ်၍ အချမ်းသာဆုံးမြို့နေ ပုဂိ္ဂုလ်ကြီး အဖို့ အင်္ဂလိပ်လက်ထက်က တီပီအက်စ် (တိုင်းကြိုးပြည်ကြိုးဆောင်) ဘွဲ့တံဆိပ်ရခြင်းမှာ အံ့ဖွယ် မဟုတ်ပေ။ ထုံးတမ်းစဉ်လာ သဘောမျှ သာဖြစ်သည်။ အရေးပိုင်မင်းက ဦးသာခင်လို ပုဂိ္ဂုလ်မျိုးကို ဘွဲ့ပေးသနားရန် ထောက်ခံရမည်သာဖြစ်ပေတော့သည်။
လောကီအောင်မြင်မှု အမျိုးမျိုး ရရှိပြီဟု ဦးသာခင်အဖို့ဆိုရပေမည်။ အောင်မြင်မှုများတွင် သားသမီးပွါးစီးမှုကိုလည်း ထည့်သွင်းဖော်ပြရန်လိုသဖြင့် ဖော်ပြရသော်လည်း ဦးသာခင်၌ သား ခင်မောင်ကြည်နှင့် သမီး ညိုညိုရင် တို့ထွန်းကားလေသည်။ ခင်မောင်ကြည်မှာ မက်တရစ် စာမေးပွဲအောင်၍ တက္ကသိုလ်တွင် ပညာ ဆက်၍သင်ကြားနေလေသည်။ ညိုညိုရင်မှာ ခုနှစ်တန်းအောင်ပြီးကတည်းက ကျောင်းထွက်၍ ဖခင်၏ အလုပ်ကို ကူညီလုပ်ကိုင်ပေးလာခဲ့ရာ ယခု၌ သူတို့ အားအကိုးကြီး ကိုးရပေပြီ။ ငွေကိုင်စာရင်းကိုင်အဖြင့် လိမ္မာဖျတ်လက်စွာ ဆောင်ရွက်ရုံသာမက စီမံ အုပ်ချူပ်မှုကိုပါ ဆောင်ရွက်နို်င်လာသဖြင့် ဦးသာခင်သည် အသက်ငါးဆယ်ကျော်ခါမျှ ရှိသေးသော်လည်း လုပ်ငန်း၌ အပင်းပန်းခံ၍ မဆောင်ရွက်ရတော့ပေ။
စီးပွားရေး၌ စိတ်ချ သည့်အဖြစ်သို့ရောက်သည်နှင့်တပြိုင်နက် သူသည် ရပ်ရေးရွာရေးမှ တစ်ဆင့်တက်၍နိုင်ငံရေးကို ဆက်လက်ဆောင်ရွက်လာလေသည်။ နိုင်ငံရေးထဲ ဝင်မှန်းမသိ ဝင်သော ရပ်ရွာလကြီးတို့ ထုံးစံ အတိုင်း အများက တိုက်တွန်းတောင်းပန်ချက်ကို ငဲ့၍ဆောင်ရွက်ရမည်ဟု ဆိုပေသည်။ ထို အဆိုသည် မမှားပေ။ “ ဦးပဲ နာယက အဖြစ် ဆောင်ရွက်ပါ။ နိုင်ငံရေးမှာ သမာဓိရှိတဲ့လူတွေ အများကြီးလိုနေပါတယ်” ဟု လူငယ်များက ဝိုင်း၍တောင်းပန်ပြီးလျှင် သူတို့လူငယ်များ အစည်းအရုံး နာယက အဖြစ် တင်မြောက်ကြသည်။ ရန်ကုန်ဌာနချူပ်မှ ရောက်လာသော ပါတီ စည်းရုံးရေးတာဝန်ခံကလည်း အများထံမှ စုံစမ်းရရှိထားသော အကြောင်းရပ်များကို မူတည်၍ဦးသာခင်အား ပါတီဥက္ကဌ အဖြစ် ရွေးကောက်တင်မြောက်ရာတွင် “ ကျွန်တော်တိို့ပါတီမှာ လူတော်လူကောင်းတွေ အများကြီးလိိုနေပါတယ်၊ သိက္ခာသမာဓိ ရှိတဲ့သူတွေ ရပ်ရွာမှာ ခေါင်းဆောင်လုပ်ကြမှ ပါတီကို လူထု ကကြည်ညို ကြပါလိမ့်မည်။ ဦးသာခင်ဆိုတာကတော့ မြို့နယ်မှာ လူတိုင်းက အသိအမှတ်ပြုရတဲ့ သမာဓိ အရှင် ပုဂိ္ဂုလ် ကြီးဖြစ်ပါတယ်။ ဦးသာခင်တို့လို သိက္ခာသမာဓိရှိတဲ့သူတွေ ရှေ့ဆောင်ပါမှ ကျနောတို့တိုင်းပြည်ကြီးမှာ နို်င်ငံရေးမှန်းတဲ့ ပြည်တော်သာ စခန်းကို မျှော်မှန်းနို်င်ပါလိမ့်မည်။ ဒါ့ကြောင့်မို့ ဦးသာခင်ကို မြို့နယ်ဥက္ကဌ တင်မြောက်ကြပြီး ဦးသာခင်က ဥက္ကဌ ရာထူးကို လက်ခံတာကို ကျနောက ဌာနချူပ်ကိုယ်စား ဝမ်းမြောက်ကျေးဇူးတင်ကြောင်းပြောလိုပါတယ်” ဟု ဆိုလေသည်။
ဦးသာခင်သည် ယင်းသို့ သူ့မျိုးစဉ်ဆွေဆက် ၌ တစ်ခါမျှ မရောက်ခဲ့ဖူးသော ထိပ်တန်းသို့သူ့လက်ထက်ကျခါမှ ရောက်ရသည့်အတွက် အလွန်ကျေနပ် ဝမ်းမြောက်နေလေသည်။ ပါတီ စည်းရုံးရေးမှူး၏ ချီးကျူးသောစကားသည် စကားလုံးတိုင်း ရွေှတစ်ကြက်ဥ အလေးခိျန်မျှ လေးနက် အဖိုးတန်သည်ဟု ဆိုရပေမည်။ အကြောင်းကား ထင်ရှားလှပေသည်။ ပါတီစည်းရုံးရေးမှာ စင်စစ် သော်ကား နောင်မကြာမီ ဝန်ကြီးဖြစ်မည့် ပါလီမန် အတွင်းဝန်ဖြစ်လေသည်တည်း။
ဦးသာခင်သည် ချီးကျူးသံနှင့်ယင်း၏ နောက်စွယ်ကပါလာသော သခဲနက် သြဘာသံကြီးကို ကြားရသောအခါ သူနှင့်သူသာ နို်င်ယှဉ်သာသော သူ၏ ထူးခြားသော ဣနြေ္ဒပြုံးကြီးကို ပြုံးပြလိုက်လေသည်။ ထိုအပြုံးကြီးမှာ ပြုံတာရှည်ကြီးဖြစ်ပေသည်။ မြို့နယ်ခေါင်းဆောင်ဖြစ်သည့် အလျောက်၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် ပါလီမှန် အမှတ်အဖြစ် အရွေးခံရတော့မည်။ ဦးသာခင်သည် သွားလေသူ သူ့ဖခင်ကြီးနှင့် မိခင်သာ ရှိလျှင် အဘယ်မျှလောက်ကျေနပ်ဝမ်းမြောက်လေမည်နည်းဟု တွေးမိလေသည်။ မိခင်ဖခင်တို့မှ ကျော်လွန်၍ ဘိုးဘေးဘီဘင်တို့ဆီသို့ လှမ်းကြည့်ကာ သူတို့လည်း သူ့ကို အကြောင်းပြု၍ဂုဏ်တက်ကြပေမည်ဟု သူယုံကြည်လေသည်။ ထိုသို့သော မျိုးစဉ်ဆွေဆက်ကို လှမ်း၍ကြည့်သော ရာဇဝင် အကြည့်ဖြင့် ပြုံးတာရှည်ပြီး ဖြစ်ပေါ်လာလေသည်။ သူသည် သူ့ကျေနပ်ဝမ်းမြောက်မှုကို သူ့ပါရမီ ဖြည့်ဖက် ဒေါ်မေတင် အား အိပ်ယာဝင်ရာတွင် အားရပါးရ မျှဝေလေသည်။ ဒေါ်တင်မေသည်လည်း အပျိုကြီးဘဝမှ သီသီကလေး လွတ်လာရာမှ သားသမီးပစ္စည်းပစ္စယနှင့် ပြည့်စုံရသည့် ဘဝသာယာသို့ ရောက်ရချိမ့်မည်ဟု မျော်တွေး၍ပြုံရှာလေသည်။
ယင်းသို့ အကျေနပ်ကြီးကျေနပ်နေခိုက်တွင်ပင် သတင်းကျွတ်လေတော့သည်။ သတင်းကျွတ်သည် လွတ်တွတ် ကျွတ်ကွျှတ်ပျော်သော အခါ သမယ ဖြစ်ပေသည်။ သတင်းကျွတ်လပြည့်နေ့၌ ဦးသာခင်ခေါင်းဆောင်သောပါတီက ခေါင်းဆောင်၍ ရပ်ရွာရှိ ဆွမ်းလောင်း အဖွဲ့များစုပေါင်းကာ ဆွမ်းဆန် စိမ်းလောင်းပွဲကြီး မှာ စည်ကားတိုက်မြိုက်လှပေသည်။ မြို့ပေါ်ရှိသံဃာဂုဏ် ခုနှစ်ရာကျော်သည် ဝါစဉ် အလိုက် စီတန်းကြွလာပြီးလျှင် မြို့လယ်မဏ္႑ပ် ကြီးရှေ့တွင် ဆွမ်းဆန်မှ စ၍ပစ္စည်းများစွာတို့ကို အလှူခံကြလေသည်။ ကောင်းဆောင်ကြီးဦးသာခင်သည် ပိတ်စ လက်ကန်တော့ထိုးကာ မဏ္႑ပ်ထိပ်မှာနေ၍ ခေါင်းဆောင်၍ ဆွမ်းဆန်စိမ်းလောင်းလေသည်။ သူ့အနီးတွင် သူ့ဇနီးနှင့် သမီးနှင့်ရှိကြသည်။ သူတို့က သူ့အားလှူဖွယ်ပစ္စည်းများကို လှမ်းပေး၍ကူညီကြသည်။ မြို့နယ်သတင်းထောက်များသည် ခေါင်းဆောင်ကြီးကို တောင့်အဖ က်ဖက်မှ နေ၍ တဖျတ်ဖျတ် ဓါတ်ပုံရိုက်၍ရှိကြလေသည်။
နေဝင်ခါနီးတွင် ဆွမ်းလောင်းကိစ္စပြီးသွားလေရာ အရပ်ရပ်မှ လာကြသော အတီးအမှုတ် အကဝိုင်းတို့သည် ခေါင်းဆောင်ကြီးနှင့်တကွ လူကြီးမင်းများရှေ့တွင် အစွမ်းကုန် အပြိုင်အဆိုင် ကခုန် သီဆိုကြလေသည်။ အလှက သော အမျိုးသမီးကလေးများသည်။ မြို့ပေါ်တွင် အလှ ဆုံးမယ်ကလေးများဖြစ်သည်။ အပျော်ကသော ဒိုးပတ်ဝိုင်း အိုးစည်ဝိုင်းများသည် မြိုင်ဆိုင်လှပေသည်။ ဦးသာခင်သည် သူ့မူပိုင်း အပြုံးကြီးပြုံလျက် အမျိုးသမီးကလေးများကို ရှုစားလေသည်။ ထို့နောက် အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်း စသည့် အပျော် အကများကိုလည်း ကြည့်လေသည်။ အပျော်ကများတွင် အိုးစည်တစ်ဝိုင်းမှာ အတော်ပွဲကျပေသည်။ ကြည့်သူအားလုံးပင် အူနိပ်နေကြရသည်။ ဦးသာခင်သည်လည်း ရယ်ချင်လွန်း၍ အူလိပ်၍လိပ်၍တက်လာလေသည်။ သို့ရာတွင် သမာဓိနတ်က တားသဖြင့် သူ့မူပိိုင်အပြုံးကြီးဖြင့်သာ ပြုံးလိုက်ရလေသည်။
ညည့်ဦး တွင် ပွဲပြီး၍မဏ္႑ပ်မှ ဇနီးနှင့်သမီးတို့နှင့် အတူ အိမ်သို့ပြန်လေသည်။ သူ့အိမ်ဝိုင်းတစ်ဝိုင်းလုံးမှာ မီးနီ မီးဝါ မီးစိမ်း စသည်ဖြင့် မီးပဒေသာ စီရင်လျက် ရှိသည်။ ဦးသာခင်သည် အဝတ် အစားလဲပြီးနောက် အသင့်ပြင်ထားသော ညစာစားလေသည်။ ညိုညိုရင်က ထမင်းထပ်ထည့်ပေးရင်း သူ့ဖခင်ကို မော့ကြည့်ကာ “ဖေဖေ ညိုတို့မီးပွဲထွက်ကြည့်ခြင်တယ်၊ ဖေဖေကောလိုက်အုံးမလား” ဟု မေးလေသည်။
ဦးသာခင်က ထမင်းလုပ်ကို လက်နှင့် ပြင်နေစဉ် “ မလိုက်ပါဘူးကွယ်၊ သမီးမေမေနဲ့သွားပါ၊ ဖေဖေ ရေမိုးချိုးပြီး ဘုရားအာရုံပြုလိုက်အုံးမယ်၊ ကားနဲ့သွားလေ၊ ပူစူးမ တို့ကိုလည်း ဝင်ခေါ်သွားပေါ့” ဟု ဆိုလေသည်။
“ မမမြင့်တို့ကို မှာထားပြီးပါပြီ၊ မေမေနဲ့သွားမှာပေါ့”
“ အေး…. အားလုံးသွားကြ၊ ရွေှခင်တို့ကိုလည်း ခေါ်သွား၊ ငါတစ်ယောက်တည်းနေခဲ့မယ်”
ဦးသာခင်သည် ဇနီးနှင့် သမီိးနှင့် အိမ်စေမတို့ ထွက်သွားကြသည်ကို ကြည့်ငေးနေလေသည်။ အိမ်ဝင်းတစ်ဝင်းလုံး မီးထိန်ထိန်လင်းနေသော်လည်း အိမ်တွင်မည်သူမျှ မရှိချေ။ ဝင်းမြောက်ဘက်စွန်းဂိုဒေါင်ဘက်ဆီက ထန်းရည်တမျှမျှနှင့် သီချင်းတအေးအေးနေသော ယံကနား နှင့် အပ္ပနားတို့ နှစ်ယောက်အသံကို လှမ်းကြားရသည်။ အိမ်အောက်ထပ်တွင် အိမပ်သော ပွဲရုံစာရေးဖိုး ခွေးနှင့် ကတ္တားချိန်ပေးရသော တပည့်လှသော်တို့လည်း ပွဲကြည့်ထွက်သွားနှင့်ကြလေသည်။
ဦးသာခင်သည် အိမ်ရှေ့လသာခန်းတွင် ပက်လက် ကုလားထိုင်တွင် လှဲလျောင်းရင်း စီးကရက် တစ်လိပ်ကုန်အောင်ဖွာနေလေသည်။ သူသည် ညနေက ပျိုမေတသင်းတို့၏ ရုပ်ပုံကို မျက်စိထဲတွင် တဝဲလည်လည် ဖြစ်နေသည်။ ဖျတ်ဖျတ်လတ်လတ် နှင့် အားရပါးရ အိုးစည်က ကသော အရပ်မင်းသားမောင်မာဒင်ကိုလည်း မြင်ယောင်နေလေသည်။ ဆေးလိပ်လက်တစ်ဆစ်အဖြစ်သို့ ရောက်သည်နှင့်တပြိုင်နက် အနီးရှိပြာခွက်တွင် လက်နှစ်ချောင်းဖြင့် ထိုးချေလိုက်ပြီးလျှင် ပက်လက်ကုလားထိုင်မှ ထလိုက်လေသည်။
မကြာမီပင်လျင် သူသည် နံငယ် ရေလဲပိုင်း ကလေးဝတ်လျက် ရေချိုးခန်းထဲတွင်ရောက်နေလေသည်။ ရေချိုးခန်းတံခါးကို ပိတ်ထားရုံနှင့်အားမရသေးဘဲ ပြတင်းပေါက်ကိုလည်း ပိ်တ်လိုက်လေသေးသည်။ ပြတ င်းပေါက်ပေါ်ရှိမှန်လည်ပေါက်မှ လေတဟူးဟူး ဝင်နေလေသည်။ ဦးသာခင်သည် အလွန်လုံခြုံသော အခန်းထဲ၌ တစ်ကိုယ်တည်းရောက်နေသည်ကို ကျေန ပ်နေသည်။ လွတ်လပ်သလိုလို ဖြစ်နေမိသည်။ သူသည် ရေအိုးထဲမှ ကြေးဖလားကြီးနှင့်ခပ်ပြီးပုခုံးမှ လွဲ၍ ရေလောင်းချလိုက်သည်။ ထို့နောက် အထက်သို့မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးလျင် အနီးရှိ ဘုံပိုင်ခေါင်းကို လည့်လိုက်ရာ၊ သူ့ကိုယ်ပေါ်သို့ရေပန်း ဖွာကျလာနေသည်။ သူသည် တဖွားဖွားကျလာသော ရေပန်းအောက်တွင် တစ်မိနစ်ခန့် ငြိမ်ရပ်နေပြီးမှ လက်တွင်ရှိသော ကြေးဖလားကို မှောက်၍ ညာလက်မောင်းနှင့် ပတ်ထားပြီးလျင် ဖလားကြီးအောက်ခံကို ဘယ်လက်သီးဖြင့်ထုကာ “ ရွေှအိုးစည် လွယ်သလေလေ့ လွယ်သလေလေ့ လိမ်ဖယ်ဖယ်တီးပါ့မောင်ရယ်” ဟု အသံကလေးခပ်အုပ်အုပ် ဆိုကာ အိုးစည်က ကလေသည်။
အစ၌ အသံခပ်အုပ်အုပ်၊ ခြေလက် ခပ်ဆိုင်းဆိုင်းဖြစ်သော်လည်း သုံးလေးမိနစ်အတွင်း၌ အသံကျယ်လာသည်နှင့်အမျှ မောင်မာဒင် နည်းအတိုင်း ရေတ ဖွားဖွားအောက်တွင် ခုန်ပေါက်၍နေလေသည်။
သူသည် လူမမည် အရွယ်က ကိုယ်သုံးလုံးနှင့် မိုးရွာထဲ လျှောက်ပြေးရသကဲ့သို့လွတ်လပ်ပျော်ရွင်နေလေသည်။ တချီကပြီးသည်နှင့်တပြိုင်နက် ဆပ်ပြာစဉ်ပေါ်၌ ရှိသော ထောက်မှန်ကလေးကို လှမ်းယူ၍ သူ့မျက်နာကို ကြည့်ပြီးလျင် အားရပါးရ ရယ်လိုက်လေသည်။ ။

(ရှုမဝ၊ ၁၉၅၉)

發表者:緬甸仔

一個熱愛緬甸的非緬族人

發表迴響

在下方填入你的資料或按右方圖示以社群網站登入:

WordPress.com 標誌

您的留言將使用 WordPress.com 帳號。 登出 /  變更 )

Google photo

您的留言將使用 Google 帳號。 登出 /  變更 )

Twitter picture

您的留言將使用 Twitter 帳號。 登出 /  變更 )

Facebook照片

您的留言將使用 Facebook 帳號。 登出 /  變更 )

連結到 %s

%d 位部落客按了讚: